5G ဆိုတာကတော့ တယ်လီဖုန်းဆက်သွယ်ရေးနည်းပညာရဲ့ မျိုးဆက်သစ် ကွန်ရက်နည်းပညာသစ်တစ်ခု ဖြစ်ပါတယ်။ သူ့အရင် 2G (GSM), 3G (UMTS) နဲ့ 4G (LTE/WiMax) ဆိုတာရှိပြီး 5G ကတော့ အခုနောက်ဆုံးထွက်ထားတဲ့ မျိုးဆက်ဖြစ်ပါတယ်။ ဒီနည်းပညာက မြင့်မားတဲ့ အချက်အလက် Data သယ်ယူပို့ဆောင်နိုင်မှု၊ ပိုမိုမြန်ဆန်တဲ့ အမြန်နှုန်း၊ ပါဝါသုံးစွဲမှုနှုန်းနည်းပါးမှု၊ ကုန်ကျစရိတ်လျှော့ချနိုင်မှု၊ မြင့်မားကောင်းမွန်တဲ့ ဖွဲ့စည်းမှု စနစ်နှင့် ထုတ်ကုန်များစွာနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှုတွေကို လုပ်ဆောင်နိုင်ပါတယ်။
5G နည်းပညာက ကောင်းမွန်တဲ့ ဆက်သွယ်မှုတွေကို စမတ်ဖုန်းအပြင် အခြားသောနည်းပညာထုတ်ကုန်တွေမှာ အသုံးပြုလာနိုင်မယ့် အနာဂတ် နည်းပညာသစ်တစ်ခုဆိုရင်လည်း မမှားပါဘူး။ နောက်ဆုံး သုတေသနပြုလုပ်ချက်တွေအရ 5G ကွန်ရက်နည်းပညာက Download အမြန်နှုန်းကို 1GBps လောက်နဲ့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိအသုံးပြုနေတဲ့ ကွန်ရက်စနစ်ထက်ပိုမိုမြန်ဆန်တဲ့ အမြန်နှုန်းနဲ့ ထုတ်ကုန်တစ်ခုထက်ပိုပြီး ပိုမိုကျယ်ပြန့်မှုရှိတဲ့ ဆက်သွယ်မှုတစ်ခုဖြစ်တဲ့အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
5G နည်းပညာကို ပထမအဆင့်အနေနဲ့ အစောဆုံး ၂၀၁၉ ခုနှစ် ဧပြီလောက်မှာ စီးပွားရေး ဖွံ့ဖြိုးတက်ရေးအတွက် လုပ်ကိုင်လာနိုင်လောက်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ IMT-2020 နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ လုပ်ဆောင်သူတွေထဲကတစ်ဦးဖြစ်တဲ့ ITU (International Telecomunication Union) ရဲ့ အဆိုအရဆိုရင်တော့ ဒီနည်းပညာကို ဒုတိယအဆင့်အနေနဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလလောက်ဆိုရင် ပိုမိုမြန်ဆန်ကောင်းမွန်တဲ့ အမြန်နှုန်းနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ITU ရဲ့ IMT-2020 အချက်အလက်တွေအရ ကြီးမားကျယ်ပြန့်တဲ့ Bandwidth နဲ့ MIMO ဆက်သွယ်မှုနည်းပညာတွေမှာ အမြန်နှုန်းကို အမြင့်ဆုံး 20 Gbps အထိရရှိနိုင်မယ်လို့ ဆိုပါတယ်။ 5G ကွန်ရက်နည်းပညာကိုတော့ တစ်ကမ္ဘာလုံး လွှမ်းခြုံအသုံးပြုနိုင်မယ့် အချိန်ကတော့ ၂၀၂၀ ပြည့်နှစ်လောက်ဖြစ်မယ်လို့ ဆိုထားပါတယ်။
ဒီနည်းပညာကို လက်ရှိအသုံးပြုလျက်ရှိတဲ့ 3G နဲ့ 4G နည်းပညာတွေရဲ့ ထောက်ပံ့နိုင်တဲ့ အမြန်နှုန်းထက် ပိုမိုမြန်ဆန်တဲ့ အမြန်နှုန်း၊ ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေနဲ့ မိမိဘယ်နေရာမှာပဲ ရောက်နေစေကာမူ အင်တာနက်အသုံးပြုနိုင်အောင်လို့ ပူးတွဲလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။